မြို့ရိုးမြို့တံခါး၌ လူစတေးခြင်းအလေ့

မြို့ရိုးမြို့တံခါး၌ လူစတေးခြင်းအလေ့
မြို့ရိုးမြို့တံခါး၌ လူစတေးခြင်းအလေ့

မြို့ရိုးမြို့တံခါး၌ လူစတေးခြင်းအလေ့

မြို့ရိုး၊ မြို့တံခါးများတွင် ဖုတ်ပြိတ္တာအစိမ်းသေအဖြစ် အစောင့်အနေချထားရာတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်းကို “လူစတေး”ခြင်းဟု ဆိုလိုသည်။

မြန်မာ့မှတ်တမ်းမှတ်ရာ မတွေ့ရှိရသော်လည်း ၁၉၂၅ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကျောက်စာဋ္ဌာန (ယခုရှေးဟောင်းသုတေသန) မှ ကျောက်စာဝန် (ယခုရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး) တာဝန်ထမ်းဆောင်ခဲ့တဲ့ ချားစ်ဒူရွိုင်ဆယ် (Charles Duroi-selle)က “မန္တလေးနန်းတော်လမ်းညွှန်”(Guid to Mandalay Palace, Govt, Printing, 1925 ) စာအုပ်မှာ ကျား မ ကြီးငယ် ၅၂ယောက်ကို စတေး ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့ပါသည်။

ထိုစာအုပ်ကိုပင် ၁၉၆၃ခုနှစ်က လမ်းညွှန်ကို ဖြုတ်ပြီး မန္တလေးနန်းတော်(Mandalay Palace) အမည်သစ်ဖြင့် တက္ကသိုလ်ပုံနှိပ်တိုက်မှ တော်လှန်ရေးအစိုးရ ယဉ်ကျေးမှု့ဋ္ဌာန အတွက် ထပ်မံ ထုတ်ဝေခဲ့ပါသေးသည်။ ယင်းတွင်လည်း “လူစတေးခြင်း”အကြောင်း ဆက်လက်ပါရှိမြဲဖြစ်သည်။ (စာမျက်နှာ-၁၅မှ ၁၇ထိ)

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားတိုင်း ဝယ်ယူဖတ်ရှု့ကြမြဲဖြစ်ရာ ယင်းစွပ်စွဲချက်မှာ မှတ်တမ်းမှတ်ရာမရှိ အရပ်ပြောစကားကို အခြေခံ မှတ်သားခြင်းကြောင့် ဟုတ်မဟုတ် မှန်မမှန် ဧကန် သိနိုင်ရန် မြို့တံခါးတိုင်အောက်နှင့် မြို့ရိုးထောင့်များတွင် တူးဖော်ကြည့်သင့်သည်။ အောက်တွင် ယင်းစာအုပ်ပါ စွပ်စွဲချက်ကို ဘာသာပြန် ဖော်ပြထားပါသည်။

” လူစတေးခြင်းအလေ့ မြန်မာနိုင်ငံတွင် အလွန်တရာ မနှစ်မြို့ဖွယ်ဖြစ်သော အလေ့တစ်ခု ရှိပါသည်။ မြို့တော်အသစ် တည်သောအခါ မြို့အဝင်တံခါးတစ်ခုစီ၏ အနီးတွင်လည်းကောင်း မြို့ရိုးထောင့် တစ်ခုစီ၏ အနီးတွင်လည်းကောင်း ကျွန်းတိုင်ကြီးတစ်တိုင် စိုက်ထူသောအခါ အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးကို တိုင်အောက်တွင် ဖိသတ်လိုက်ရပါသည်။

စင်စစ်အားဖြင့် မြို့တော်ကို ရန်အပေါင်းမှ ကာကွယ်စိမ့်သောငှာ မြို့တည်ချိန်ကပင် လူကိုသတ်၍ ပူဇော်ခြင်းအမှု့ပြုသည်ကား မြန်မာလူမျိုးတစ်မျိုးသာ ထူးထူးခြားခြား လုပ်သည်ဟု မဆိုသာချေ။ ရှေးအခါက ဥရောပပါ မကျန် ယင်းသို့ ပြုလုပ်လေ့ရှိသည်ဟု ဆိုရမည် ဖြစ်ပါသည်။

ဤသို့ ပြုမူခြင်းသည် ဗုဒ္ဓတရားတော်၏ အဆုံးအမနှင့် အလွန်အမင်းဆန့်ကျင်သည်ဟု တဘက်၌ ပြောဖွယ်ရှိသော်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီက ရှေးဟောင်းယုံကြည်မှု အလေ့အထတို့နှင့်အညီ ဖြစ်သည်ဟု အခြားတဘက်၌ ပြောနိုင်သည့်အပြင် မိရိုးဖလာနတ် ကိုးခြင်းအမှု့သည် ဗုဒ္ဓအဆုံးအမကြောင့် လူတို့၏စိတ် နူးညံ့ပျော့ပြောင်းလာသည် ဆိုသော်ငြား မပြတ်စွဲမြဲလျှက်ပင် ရှိနေသေးကြောင်းလည်း တွေ့ရသည်။

အခြား မွန်ဂိုလွိုက်အနွယ်ဝင်များနည်းတူ မြန်မာတို့ ယုံကြည်သည်မှာ အသတ်ခံရသော အသေဆိုးသေခဲ့ရသူတိုင်းသည် နတ်စိမ်းဖြစ်၍ သေသည့်အရပ်ကို စွဲလန်းကာ မပြတ် ရှိနေတတ်သည်။ အဆိုပါနတ်စိမ်းတို့သည် သူတို့ စွဲလမ်းရာအရပ်ကို မည်သူမျှ ထိပါးနှောင့်ယှက်ခြင်းကို သည်းမခံပဲ သေလောက်သည်အထိ အကြီးအကျယ် ဖမ်းစားတတ်သည်ဟူ၍ ယူဆသဖြင့် တံခါးဝနှင့် မြို့ထောင့်တွင် မြှုပ်နှံခြင်းအလေ့ စတင်ခဲ့ဟန် ရှိသည်။

နောင်တွင် ခံမြို့သာမက ကြီးကျယ်သောအဆောက်အဦ ပြုတိုင်း ဥပမာ နန်းတော်ကဲ့သို့ အဆောက်အဦ အခြေခံအုတ်မြစ်တွင် လူတစ်ဦး သို့မဟုတ် အများကိုပင် ထည့်သွင်း မြှုပ်နှံခဲ့ကြပုံရသည်။ ယင်းသို့မြှုပ်နှံရန် အကောင်းဆုံးနေရာမှာ ရန်သူကအန္တရာယ်ပြုမည်ဆိုလျှင် လွယ်ကူမည့် အဝင်တံခါးနေရာနှင့် မြို့ရိုးထောင့်နေရာများဖြစ်သည်။

ယဇ်ပူဇော်ခြင်းသဘော သက်ဝင်သော အဆိုပါလူသတ်မှုများတွင် တခါတရံ ကိုယ်ဝန်ဆောင် အမျိုးသမီးများကိုပါ စတေးခံရလေ့ ရှိသည်။ ထိုသို့ ပွဲမျိုးကို စီစဉ်သူများမှာ အများအားဖြင့် အိန္ဒိယမဏိပူရပုဏ္ဏားများ ဖြစ်သော နန်းတွင်းအခါတော်ပေး ပညာရှိက ဤအမှုကို ဆောင်ရွက်ရန် အကောင်းဆုံးအချိန်နာရီကို တွက်ချက်ပေးရသည်။

မည်သို့သောပုဂ္ဂိုလ်မျိုးကို စတေးရမည် ဟုလည်း ညွှန်းရသည်။ ဥပမာ မည်သည့်နေ့ မည်သည့်အချိန် မည်သည့်အရပ်မှ မည်သည့်အရာကို ကိုင်ဆောင်၍ ရှေ့ရှု့သွားနေသူ ယောင်္ကျား သို့မဟုတ် ကိုယ်ဝန်ဆောင် မိန်းမကို ဖမ်း၍ စတေးရမည်စသဖြင့် ညွှန်ကြားပေးသည့် အတိုင်း လုပ်ဆောင်ရသည်။

မြို့သစ် နန်းသစ်တည်တိုင်း မြန်မာတို့ထုံးစံ အထက်ကဖော်ပြခဲ့သလို မန္တလေးကို တည်စဉ်အခါကလည်း မြို့သစ်လုံခြုံရေးအတွက် ရှေးထုံးနှင့်အညီ လိုက်နာကျင့်သုံးမည်ဟု မျှော်လင့်ရသည်။

ဗုဒ္ဓဘာသာကို အထူးအလေးထားသည့် မင်း၏လက်ထက် ဆရာတော်ကြီးများ၊ ဝန်ကြီးမှုးမတ်ပညာရှိတို့က ဗုဒ္ဓအဆုံးအမနှင့်အညီ ထိုသို့ မလုပ်စေရန် အပြင်းအထန် ငြင်းဆိုလင့်ကစား ရှေးထုံးမပျက် လုပ်ဆောင်ကြမည်ဟု ယူဆရသည်။ အဆိုပါပုဂ္ဂိုလ်ကြီးများ မသိလိုက်ဟု ဆိုလျှင်လည်း မှန်လျှင် ဆိုနိုင်ပါမည်။

အဘယ့်ကြောင့်ဆိုသော် အိန္ဒိယရောတရုတ်ပါ လိုက်နာနေသည့် ဆိုးဝါးသော ဤယုံကြည်မှု့ဓလေ့ကို လုပ်ဆောင်ရန် နန်းတွင်းအခါပေး ပုရောဟိတ်ဖြစ်သည့် မဏိပူရီပုဏ္ဏားတို့ ရှိနေပါသည်။

လက်ဖတင်နင်ဂျင်နရယ် ဖိုက်ခ်ျသည် “ယခင်နှင့်ယခု မြန်မာနိုင်ငံ”အမည်ရှိသောစာအုပ်ကို ရေးသောအခါ မြို့တံခါး တစ်ဆယ့်နှစ်ရပ်တွင် လူတစ်ဆယ့်နှစ်ယောက်ကို ဖမ်း၍ ကြိုးချည်ပြီး ဖိသတ်ခဲ့သည်ဟု အသေအချာ ရေးသားခဲ့ပါသည်။

သို့သော် အရပ်စကား မှတ်သားချက် များအရ မန္တလေးနန်းတည်စဉ်က ယဇ်ပူဇော်စတေးခံရသည့် အရေအတွက်မှာ ထိုမျှမက များစွာပိုပါသည်။

အစုစု ကျားမကြီးငယ် ၅၂ယောက် ရှိ၏။

မြို့တံခါး ၁၂ရပ်၌ တံခါးတစ်ပေါက်တွင်လူ ၃ယောက်နှုန်း ၃၆ယောက် မြို့ရိုးလေးထောင့်၌ တစ်ထောင့်လျှင် လူတစ်ယောက်နှုန်း ၄ယောက် နန်းတော်သစ်တပ်ထောင့် လေးထောင့်၌ တစ်ထောင့်တစ်ယောက်နှုန်း ၄ယောက် နန်းတော်အဝင်ပေါက် လေးပေါက်၌ တစ်ပေါက်တစ်ယောက်နှုန်း ၄ယောက် သီဟာသနပလ္လင်တော်အောက်၌ ၄ယောက် ပေါင်း ၅၂ ယောက် မြန်မာတို့ရေးသားသော ရာဇဝင်ကျမ်းများမှာ ဤမျှ ကြောက်လန့်ဖွယ်ကောင်းသည့် ကိစ္စကို ထည့်သွင်းရေးသားကြခြင်း မပြုပေ။

လူတွေနှင့်အတူ မြို့ထောင့်များတွင် ဆီအပြည့်ဖြည့်ထားသည့် ဆီအိုးကြီးများကိုလည်း သတိကြီးစွာ မြှုပ်နှံခဲ့ကြပါသေးသည်။ အကြောင်းမှာ အစောင့်နတ်စိမ်းများ အမြဲမပြတ် ဆက်လက်စောင့်ရှောက်နိုင်စေရန် ဆီအိုးကြီးများ မြှုပ်နှံစီရင်ခြင်းဖြစ်သည်။

စောင့်ရှောက်မှု လျော့နည်းခြင်း(သို့မဟုတ်) စောင့်ရှောက်ခြင်းမပြုဟု သေချာလျှင် လူသစ်အစားထိုး စတေးရန် လိုအပ်သည်။ဆီများမခမ်းခြောက်သရွေ့ စောင့်ရှောက်မှု မပြတ်ဟု ယုံကြည်လက်ခံထားပါသည်။

(C.Duroiselle: Guide to Mandalay Palace.စာအုပ်ဟောင်း စာမျက်နှာ၂၅မှ ၂၈ထိ) (စာအုပ်သစ် Mandalay Palace၌စာမျက်နှာ ၁၅မှ၁၇ထိ) အောက်ခြေမှတ်ချက်မှာ ဒီအချက်အလက်တွေဟာ အများစကားဖြစ်လို့ ဘယ်လောက်အထိ မှန်ကန်ကြောင်း ပြောဖို့ခဲယဉ်းသည်ဟု ရေးသားဖော်ပြထားပါသည်။

လူစတေးခြင်းအလေ့သည် အလွန်ရှေးကျလွန်းသော ခေတ်များကတော့ ပျံ့နှံ့ခဲ့ဖူးသည့် ဓလေ့တစ်ခုဟု ဆိုနိုင်သည်။ ငါးရာ့ငါးဆယ် ဇာတ်တော် (တက္ကာရိယဇာတ်၊ နံပါတ် ၄၈၁)တွင် မင်းဆရာဖြစ်သည့်ပုဏ္ဏားသည် လင်ငယ်နေသောသူ၏ မယားအား ဂလဲ့စားခြေရန် အကောက်ကြံခဲ့၏။

ပုဏ္ဏားသည် မင်းကြီးအား မြို့မြောက်ဘက်တံခါးပေါက်၌ အစောင့် (နတ်စိမ်း)မရှိ ဖြစ်နေ၍ အသာမည်းသွားကျိုးနေသူ တစ်ယောက်ကို စတေးရန် နေ့ရက်အချိန်အခါနှင့်တကွ လျှောက်တင်ခဲ့သည်။ လင်ငယ်ဖြစ်သူမှာ အသားမည်းကာ သွားများကျိုးနေသည့် နည်းတူ ပုဏ္ဏားကိုယ်တိုင်လည်း အသားမည်းကာ သွားများကျိုးနေသည်ကို သတိမမူမိပဲ လက်စားချေလိုသော ဒေါသစိတ်ဖြင့် အလျင်စလို လျှောက်တင်ခဲ့၏။

အိမ်ရောက်သောအခါ မိန်းမဖြစ်သူအား သူ၏ အကြံအောင်မြင် အထမြောက်တော့မည်ဖြစ်၍ ဝမ်းသာအားရဖြင့် သူ့လင်ငယ်ကို စတေးခံရတော့မည်ဖြစ်ကြောင်း ပြောပြလိုက်ရာ မယားက လင်ငယ်ကို အလျှင်အမြန် လက်တို့လိုက်သဖြင့် ထွက်ပြေးချေ၏။ သတင်းစကား ပျံ့နှံ့သွားရာ မြို့တွင်းရှိ အခြား အသားမည်းသွားကျိုးများလည်း ထွက်ပြေးကြကုန်သည်။

နောက်ဆုံးတံခါး၌ လူစတေးချိန် သတ်မှတ်သောအခါ ရောက်လျှင် တစုံတစ်ယောက်မှ ဖမ်းမိခြင်းမရှိသော မင်းချင်းများက အခါကောင်းကို လက်မလွှတ်စေပဲ တစ်ဦးတည်းသာ တွေ့ရသည့် အသားမည်းသွားကျိုးမင်းဆရာပုဏ္ဏားကိုသာ စတေးလိုက်ကြောင်းဖော်ပြထားသည်။

လူစတေးခြင်းအလေ့ကို ပျောက်ပျက်စေလိုသော သဘောဖြင့် သရော်သော ရည်ရွယ်ချက်ရှိသော်လည်း နောက်ပိုင်းနှစ်ပေါင်းများစွာ ကြာအောင် ထိုအယူအဆ ရှိနေသေးသည်ဟု ယူဆပါသည်။

ရာဇဝင်စာအုပ်များ၌ ဖော်ပြချက်အရ သထုံပြည်ကို အနော်ရထာအောင်နိုင်ခန်းတွင် သထုံမြို့ရိုး၌ ဗျတ်ဝိကို စတေးသတ်ဖြတ်ကာ သူ၏ သွေးတို့ဖြင့် မြို့ရိုးကို ဝိုင်းပတ်ထားကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ရှေးဟောင်းဓမ္မသတ်စီရင်ထုံးဖြစ်သည့်” မနုကျယ် ဓမ္မသတ်”၌ မြို့စတေးခံရမည့် သူထံမှ ကြွေးမြည်ကို မတောင်းရ လျှော်ပစ်စေရန် စီရင်ထုံးပါရှိခဲ့သည်။

အင်္ဂလိပ် လက်ထက်၌ မြန်မာ့နန်းတွင်းအမှု့ထမ်းခဲ့သော ဝန်ကြီးမှုးမတ်များအား ထိုသို့လူစတေးခဲ့ခြင်းများ ရှိခဲ့ပါသလားဟု မေးမြန်းရာတွင် ခါးခါးသီးသီးဖြင့် မဟုတ်ရကြောင်း ငြင်းဆိုခဲ့ကြပါသည်။

သို့သော်အထက်ပါ ကျောက်စာဝန် ချားစ်ဒူရွိုင်ဆယ် ၏ စာအုပ်ပါ အချက်များမှာ မမှန်ကန်ကြောင်း သက်သေပြနိုင်ရန် မြို့တံခါးတိုင်များနှင့် မြို့ရိုးထောင့်များအနီးတွင် တူးဖော်ကြည့်ပါက ပို၍ ခိုင်လုံသော အထောက်အထား ပြစရာ ဖြစ်ပါသည်။

လွှတ်တော်မှတ်တမ်းများအရ ပြုစုထားသော မြို့တည်စာတမ်း၌ မန္တလေးမြို့နန်းတည်ခဲ့စဉ်က တောရှင်းခြင်း မှတ်တိုင်စိုက်ခြင်း ပန္နတ်ရိုက်ခြင်း တွင်းတူးခြင်းများကို ရှင်ဘုရင်နှင့် မွေးနံတူ အင်္ဂါသားများက ဦးဆောင်လုပ်ကိုင်ရသည်။ တချိန်တည်း၌ပင် ဗလိနတ်စာကျွေး၏။

အခါပေးပုဏ္ဏား မန္တာန်တတ်ပုဏ္ဏားများ၏ လောကီအစီအရင်များ ပြုခဲ့သော်လည်း လောကုတ္တရာနှင့် မကင်းပေ။ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးရှစ်ပါး ဦးဆောင်ကာ ပရိတ်ရွတ်ဖတ်၏။

နတ်တို့စောင့်ရှောက်စေဖို့ မဟာသမယသုတ်၊ မင်္ဂလာရှိစေရန် မင်္ဂလသုတ်၊ ဘေးကင်းစေရန် ရတနာ့သုတ်၊ အနှောင့်အယှက်ကင်းစေရန် မေတ္တာသုတ်၊ မြွေဘေးကင်းရန် ခန္ဓသုတ် နှင့် မီးဘေးကင်းရန် ဝဋ္ဋသုတ်တော်တို့ ဖြစ်သည်။ (တည် ၇၁) ပွဲသဘင်လည်း အကြီးအကျယ်ခင်းစေသည် (တည် ၉၂) မြေညှိမြေပြင်ရသော လုပ်သားအရေအတွက်မှာ ၃၀၀၀ ဖြစ်၏ (တည် ၁၀၁) ယာယီနန်းကိုလည်း အမြန်ဆောက်လုပ်ပေးခဲ့ရသည်။

ငဖြူ နှင့်ငဆန်းကို ဗိသုကာ ခေါင်းဆောင်စေသည်။ (တည် ၁၆၇) ဆောက်လုပ်ဆဲ နန်းတော်ရာအား လုံခြုံမှု့ရှိစေရန် သစ်တပ် ဝိုင်းရံ ဆောက်လုပ်စေသည်။ ၁၈၅၇ခုနှစ် သြဂုတ်လ၌ မြို့ကွက်ရိုက်သည်။ မြို့ရိုးနှင့်တံခါးများ၌ အင်းမြှုပ်ခြင်း နတ်ရုပ်များထုလုပ်ခြင်း ပြု၏။ အင်းများမှာ လောကီအစီအရင်ဆိုသော်ငြား လောကုတ္တရာသဘော မကင်းကြောင်းကိုလည်း ထိုအင်းအမည်များကို ကြည့်လျှင် သိနိုင်ပါသည်။

သမ္ဗုဒ္ဓေအင်း၊ အဋ္ဌဇေယျမင်္ဂလာအင်း၊ သတ္တရတနာအင်း၊ ဥလ္လသီရိအဋ္ဌမုက်အင်း၊ သီရိဇေယျမဏိလ သက်တော်ရှည်အင်း၊ စမ္ပာနဝနောအင်း၊ သာသနာ၅၀၀၀အင်း၊ သိရသ္မိံမေ ဂါထာအင်း စသည်တို့ ဖြစ်သည်။ (တည် ၁၃၉) အင်းတွေကို မြို့ထောင့်များတွင် ၁၈၅၈ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် မြှုပ်နှံခဲ့ပြီး။

မြို့ထောင့်များ၌ ၁၈၅၉ခုနှစ် မေလ ၁၅ရက်နေ့တွင် အချိန်တစ်ရာ့နှစ်ဆယ်ဝင် ဆီအိုးကြီးများကို ဆီအပြည့်ဖြည့်ကာ မြှပ်နှံခဲ့ကြောင်း (တည် ၁၇၉) ဖော်ပြထားပါသည်။

စာကိုး။ ဒေါက်တာသန်းထွန်း “နယ်လှည့်ရာဇဝင်”(ဒုတိယတွဲ)မှ ကောက်နှုတ်ဖော်ပြပါသည်။#Credit